Browse » Home » » ကာကွယ်ရေးမှအပ အစိုးရဝန်ထမ်းများအား အချိန်ပိုခံစားခွင့် ပေးတော့မည်

ကာကွယ်ရေးမှအပ အစိုးရဝန်ထမ်းများအား အချိန်ပိုခံစားခွင့် ပေးတော့မည်


                                   ဓါတ်ပုံ. မြန်မာ့ဆက်သွယ်ရေးဝန်ထမ်း
ကာကွယ်ရေးဝန်ကြီးဌာနမှအပ အစိုးရရုံး ဝန်ထမ်းများအား အချိန်ပိုတာဝန် ထမ်းဆောင်ရာတွင် ထိုက်သင့်သော ခံစားခွင့်များ ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်လိုက်သည်။ ရုံးဌာနအများစုသည် သတ်မှတ် ရုံးတက်ချိန်ထက် ကျော်လွန်ကာ ပိုမိုတာဝန် ပေးအပ်ထားမှုများကြောင့် ဝန်ထမ်းများအနေဖြင့် ကိုယ်ပိုင်နားနေချိန်နှင့် အားလပ်ချိန်များ မရှိသလောက် နည်းပါးနေကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် အထက်ပါအတိုင်း ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းထုတ်ပြန်ချက်တွင် သတ်မှတ်ရုံးချိန် ဖြစ်သော နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအတွင်း၌သာ တာဝန်ထမ်းဆောင်ရန်နှင့် ရုံးဆင်းချိန်တွင် အတိအကျ ပြန်လည်စေလွှတ်ပေးရမည် ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ မပြီးပြတ်သေး၍ သော်လည်းကောင်း၊ အရေးတကြီး လုပ်ဆောင်ရန် ရှိပါက တာဝန်ရှိသူနှင့် လိုအပ်သည့် ဝန်ထမ်းအရေအတွက်ကို ည ၇ နာရီတွင် ပြန်လည်ခေါ်ယူ တာဝန်ပေးအပ် သွားရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ အချိန်ပိုတာဝန် ပေးအပ်ရာတွင် ဝန်ထမ်းများအတွက် ထိုက်သင့်သော ခံစားမှုများကို ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။ “ကာကွယ်ရေးဌာနလည်း မပါဘူး။ ကျွန်မတို့ဌာနတွေလည်း ပြည်ထဲရေးလက်အောက်မှာ ရှိနေတယ် ဆိုပေမယ့် ၂၄ နာရီ အချိန်ပြည့် တာဝန်ယူရတဲ့ အပိုင်းတွေ ပါတယ်။ မနက် ၉ နာရီ တန်းစီရတယ်။ ၉ နာရီခွဲရင် လုပ်ငန်းခွင် ဝင်ရတာပေါ့။ အချိန်ပိုကြေးဆိုတာ အစဉ်အလာ မရှိခဲ့ဘူး။ ခုလည်း ရမှာမဟုတ်ဘူးလို့ သိရတယ်။ ပြည်ထဲရေး လက်အောက်က ဌာနတွေမှာ ထွေ/အုပ်ဝန်ထမ်းတွေတော့ ခံစားခွင့်ရမှာပါ” ဟု Criminal Investigation Department (C.I.D) မှ အမျိုးသမီး အရာရှိတစ်ဦးက ပြောသည်။ အစိုးရဝန်ထမ်းများအား အများပြည်သူ အလုပ်ပိတ်ရက်များတွင် မလိုအပ်ပါက တာဝန်ပေးအပ်ခြင်း မပြုလုပ်ရန်နှင့် အရေးပေါ် လိုအပ်လာပါက အချိန်အကန့်အသတ်နှင့် အမှန်တကယ် လိုအပ်သည့် ဝန်ထမ်းအရေအတွက်ဖြင့်သာ တာဝန်ပေးအပ်သွား ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရုံးလုပ်ငန်းများ လစ်ဟင်းမှု မရှိစေရန်အတွက် သတ်မှတ်ထားသည့် အချိန်အတွင်း မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ရန် တာဝန်ရှိသူအဆင့်ဆင့် လေ့ကျင်သင်ကြားပေးသွား ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်သည် သင့်တော်ကောင်းမွန်သော အချက်ဖြစ်ပြီး အချိန်ပိုကြေးသည် သက်သာချောင်ချိရန် မျှော်လင့်ချက်တစ်ခု ဖြစ်လာကြောင်း ဝန်ထမ်းအချို့က ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်

0 comments:

Post a Comment