Browse » Home » » စက်ရုံမရောက်မီ KTV ရောက်သွားသည့် နယ်ခံအမျိုးသမီးများ

စက်ရုံမရောက်မီ KTV ရောက်သွားသည့် နယ်ခံအမျိုးသမီးများ


၂၀၁၃ခုနှစ် မေလအတွင်းဖွင့်လှစ်သွားမည်ဖြစ်ကာ လူဦးရေတစ်သိန်းခန့် အလုပ်ရရှိနိုင်မည်ဟု တရားဝင် ကြေညာထားသော ပုသိမ်အထည်ချုပ်စက်ရုံကြီးမှာ အောက်ခံဖောင်ဒေးရှင်း ပြီးစီးရုံသာရှိသေးသော်လည်း အနီးဝန်းကျင်ရှိနယ်မြို့များမှ အလုပ်ရရှိရန် လာရောက်နေသော အမျိုးသမီးငယ်များ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
 
နယ်ကနေ အလုပ်လုပ်ချင်လို့ ပုသိမ်မှာ လာနေကြတဲ့ မိန်းကလေးတွေလည်းရှိတယ်။ အထည်ချုပ် စက်ရုံကလည်း KTV တွေ တည်းခိုခန်းနားတွေမှာ ရှိနေပြီး တော်ရုံနဲ့ဖွင့်နိုင်မယ့်အနေအထားမှာ မတွေ့ရသေးဘူး။ အဲ့ဒါ ပုသိမ်မှာလာနေတဲ့ နယ်က မိန်းကလေးတွေက စရိတ်ပြတ်ပြီး KTV မှာဝင်လုပ် နေတယ်ဆိုတာတွေ ကြားရတယ် “ ဟု ပုသိမ်မြို့ ကင်မလင်းရပ်ကွက် တွင် နေထိုင်သူတစ်ဦးက ပြောသည်။
 
ပုသိမ်အထည်ချုပ်စက်ရုံကြီးသည် ပုသိမ်မြို့ ကင်မလင်းကျွန်း စက်မှုဇုန်တွင် လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်ကာ တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံကြီးတည်ဆောက်ရာ အနီးတ၀ိုက်တွင် KTV နှင့် တည်းခိုခန်း (၁၀)ခုကျော် တည်ရှိနေသည့်အတွက် အလုပ်ရရှိလိုစိတ်နှင့် လာရောက်သော သာပေါင်း ၊ ငပုတော ၊ ကန်ကြီးဒေါင့် ၊ ဒါးက ၊ ငွေဆောင် နှင့် ချောင်းသာ စသည့်ဒေသများမှ အမျိုးသမီးများ အတွက် အန္တရာယ်ရှိနေကြောင်း မကြာမီက ထုတ်ဝေခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဂျာနယ်၏ အယ်ဒီတာထံ ပေးစာကဏ္ဍတွင် ဖော်ပြခဲ့ပြီးနောက် ဝေဖန်မှုများ ယခုကဲ့သို့ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာနေခြင်းဖြစ်သည်။
 
KTV တွေနဲ့ အချိန်ပိုင်း တည်းခိုလို့ရတဲ့ တည်းခိုခန်းတွေက ဒီနားမှာပဲ မှိုလိုပေါက်နေအောင် လာဖွင့်ထားတော့ အထည်ချုပ် စက်ရုံမှာ လာလုပ်မယ့် မိန်းကလေးတွေ မပြောနဲ့ အခုကျွန်တော်တို့ ရပ်ကွက်က မိန်းကလေးတွေ ညဘက်အပြင်ထွက်ရင်တောာင် ဘာလိုလို ညာလိုလို အထင်ခံရပြီး လိုက်စကား အပြောခံနေရတာတွေ ရှိတယ် ဟု ၁၃ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
 
အဆိုပါ KTV နှင့် တည်းခိုခန်းများရှိသည့် နေရာမှာ အထည်ချုပ်စက်ရုံသာမက ပုသိမ်တက္ကသိုလ် ၊ ဧရာဝတီတိုင်းအတွင်းမှ ၀န်ထမ်းဌာနပေါင်းစုံ ရုံးစိုက်ရာ (၁၃)ရပ်ကွက်အတွင်း ဖွင့်လှစ်ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
ယခုအထည်ချုပ်စက်ရုံသည် ပုသိမ်မြို့တွင် ပထမဆုံးဖွင့်လှစ်သော အထည်ချုပ်စက်ရုံဖြစ်ပြီး လာမည့် မေလအတွင်း ဖွင့်လှစ်မည်ဟု နိုင်ငံပိုင်မီဒီယာများမှ တရားဝင်ဖော်ပြနေကြသည်။
 
၂၀၁၅ခုနှစ်တွင် ဧရာဝတီတိုင်းအတွင်း အထည်ချုပ်စက်ရုံပေါင်း (၅၀)ခန့်အထိ တည်ဆောက်သွား မည်ဖြစ်ပြီး ဂျပန် ၊ ကိုရီးယားနှင့် ဟောင်ကောင်နိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ကမ်းလှမ်းမှုများရှိနေကြောင်းကိုလည်း သိရသည်။
 မျိုးမင်းထွန်း (မြစ်မခ)
by Myit Makha Mediagroup

0 comments:

Post a Comment